ဂျုံ သီးနှံ တစ် ဧက အထွက် နှုန်း တိုးတက် ရ ရှိ စေ ရေး အတွက် အထောက်အကူ ပြု ပေး နိုင် သည့် အောက် ဖော်ပြ ပါ စိုက် ပျိုး နည်း စနစ် များအတိုင်း ဆောင်ရွက် သွား ရ မည် ဖြစ် ပါသည်။
စိုက်ပျိုးနည်းစနစ်
– ဆောင်းရာသီတွင် မြေတွင်းအစိုဓာတ် (သဘာဝမိုးရေ) ဖြင့် စိုက်ပျိုးသော ဧရိယာများ၌ တစ်ဧကရှိအနှံပါပင်ပွား (၇၀၀၀၀၀) ရရှိရန် တန်းကြား (၈) လက်မ၊ မျိုးစေ့လက်ဖြူးချ စိုက်ပျိုးနည်း၊ ရေသွင်းစိုက်ပျိုးသောဧရိယာများတွင် တစ်ဧကရှိအနှံပါပင်ပွား (၁၀၀၀၀၀၀) ရရှိရန် တန်းကြား (၆) လက်မ၊ မျိုးစေ့လက်ဖြူးချစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရမည်။
– တစ်ဧကမျိုးစေ့နှုန်းထားအနေဖြင့် မြေတွင်းအစိုဓာတ်ဖြင့်စိုက်ပါက (၁.၅) တင်း အသုံးပြုပြီး ရေသွင်းစိုက်ပျိုးပါက (၂) တင်းအထိ အသုံးပြုရမည်။
– ဂျုံမစိုက်ပျိုးမီ ရက်သတ္တပတ် (၄)ပတ်မှ (၆) ပတ်ခန့်ကတည်းက ကြိုတင်၍ သဘာဝမြေဩဇာ ရနိုင်သမျှထည့်သွင်းရမည်။
– အထွက်နှုန်းပိုမိုရရှိရန် ယူရီးယား (၅၆) ပေါင်၊ တီစူပါ (၁၁၂)ပေါင်၊ ပိုတက်ရှ် (၅၆) ပေါင်နှုန်းကို မြေပြင်စဉ်တွင် ထည့်ရန်လိုအပ်ပြီး ပထမဆုံးအကြိမ်ရေသွင်းချိန်၌ ယူရီးယား (၅၆) ပေါင် ထည့်သွင်းရမည်။
မြေအမျိုးအစား
– မြေဩဇာထက်သန်သောနုံးမြေ၊ နုံးမြေစေး၊ သဲနုံးမြေများတွင် စိုက်ပျိုးသင့်ပါသည်။ နုံးမြေ အမျိုးအစားသည် ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
– မြေချဉ်ငံဓာတ် (၅.၅) မှ (၇.၅) အတွင်း စိုက်ပျိုးနိုင်ပြီး မြေချဉ်ငံဓာတ် (၆.၄) သည် အသင့် တော်ဆုံးဖြစ်ပါသည်။
စိုက်ပျိုးချိန်
– ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံးကာလမှာ အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလ အစောပိုင်းဖြစ်ပါသည်။
– မိုးရေ၏ အစိုဓာတ်ကို အမိအရစိုက်ပျိုးပါက အောက်တိုဘာ (၁၅) မှ (၃၀) ရက်အတွင်း စိုက်ပျိုး နိုင်ပါသည်။
– ရေသွင်းစိုက်ပျိုးပါက နိုဝင်ဘာ (၁) မှ (၁၅) ရက်အတွင်း စိုက်ပျိုးနိုင်ပါသည်။
မျိုး
– ရှမ်းပြည်နယ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့်ရေဆင်း-၉၊ ရေဆင်း-၁၀၊ မက္ကဆီပက်နှင့် ရင့်ကျီ-၄၃၇ မျိုးများကို အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါသည်။
– စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် မုံရွာဂျုံဖြူမျိုး အများဆုံးစိုက်ပျိုးပြီး ဇလုပ်ဂျုံဖြူ၊ V-၁၂၈၇ မျိုးများကို အများဆုံး စိုက်ပျိုးထုတ်လုပ်ကြပါ သည်။
– ရေသွင်းဂျုံများတွင် ကျရောက်တတ်သော ဂျုံသံချေးရောဂါဒဏ်ခံနိုင်ရည်ရှိသော ဇလုပ်ဖြူ-၁၊ ရေဆင်း-၉၊ ရေဆင်း-၁၀ မျိုးများ ရွေးချယ်စိုက်ပျိုးရမည်။
သက်တမ်းအလိုက် အပင်ပြုစုစောင့်ရှောက်ခြင်း
– စိုက်ပျိုးပြီး (၂၅)ရက်သားနှင့် (၄၅) ရက်သားတို့တွင် ပေါင်းမြက်ကင်းရှင်းစေရန်အတွက် ကြားပေါင်းလိုက်ရမည်။
– ရေသွင်းစိုက်ဧရိယာများတွင် စိုက်ပြီး (၂၅) ရက်သားတွင် တစ်ကြိမ်၊ (၄၅) ရက်သားတွင် တစ်ကြိမ်၊ (၆၀) ရက်သားတွင် တစ်ကြိမ် ရေသွင်းပေးရမည်။
– ပထမဆုံးအကြိမ်ရေသွင်းချိန်၌ ယူရီးယား (၅၆) ပေါင်ထည့်သွင်းရမည်။
– ပင်ပွားစည်ချိန်နှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင် ပင်ခြေရေမဝပ်စေပဲ ဂရုတစိုက်ရေသွင်းရမည်။
– အနှံထွက်ပြီးနောက်ပိုင်း ဂျုံနနွင်းရောဂါနှင့် ကြွက်ဖျက်ဆီးမှုရှိတတ်သဖြင့် အခင်းဝန်းကျင် တွင် သန့်ရှင်းရပါမည်။ ကြွက်ဆေးချရန် လိုအပ်ပါသည်။
ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ
– အနှံအားလုံး (၈၀%) ရင့်မှည့်ချိန်၊ ဂျုံပင်၏ ရိုးတံနှင့် အနှံများ အဝါရောင်ပြောင်းချိန် (သို့မဟုတ်) စိုက်ပြီး (၉၀-၁၁၅) ရက်သားခန့်ရောက်လျှင် ရိတ်သိမ်းရမည်။
– တန်ဘိုးမြှင့်ထုတ်ကုန်များ
– ဂျုံသီးနှံကို ဘီစကစ်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူဆာ၊ ခေါက်ဆွဲခြောက်အမျိုးမျိုး၊ ပေါင်မုန့်၊ ပေါက်စီ၊ အသားပေါင်းအမျိုးမျိုးစသည်ဖြင့် တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပါသည်။